Friday, December 24, 2010

ဗမာလူမျိုးအား တိုင်းရင်းသား လူမျိုးတစ်မျိုးအဖြစ်ဒေါ်အောင်ဆန်းစုကြည်တင်ပြ။ (ရှမ်းသံတော်ဆင့်မှ ကူးယူဖေါ်ပြပါသည်)

         


          ကျမကို ဒီလို တာဝန်ပေးတဲ့အတွက် အများကြီးပဲ ဂုဏ်ယူပါတယ်။နောက်ပြီးတော့ တာဝန်ဆိုတာ အမြဲပဲကြီးမား တဲ့ကိစ္စ တခုပါ။ တာဝန်ကိုထမ်းရတယ်။ ထမ်းရတယ်ဆိုကတည်းက လေးတယ်ဆိုတဲ့ အဓိပ္ပါယ်တော့ရှိတာပေါ့။တာဝန်သေးသေး ဆိုရင်တော့ ခပ်ပေါ့ပေါ့ပဲ ထမ်းရမယ်။ဒီဟာကတော့ တာဝန်ကြီးကြီးဖြစ်လို့ ကျမ အင်မတန်မှ လေးလေးနက်နက် စိတ်ထဲမှာ ထားလို့ တာဝန်ကျေပွန်အောင်ကြိုးစားပါ့မယ်။ ဒါပေမယ့်ဒီလိုကျမတာဝန်ကျေပွန်အောင်လုပ်တဲ့အချိန်မှာ ကျမ ကိုဝန်းရံပြီးတော့ ကူညီပေးဖို့လိုပါတယ်။ ကျမတို့ လူကြီးတွေကလည်းအကြံဉာဏ် ပေးဖို့၊ဆုံးမစရာရှိတာဆုံးမဖို့၊ ကျမတို့ အထူးသဖြင့် ကျမတို့တိုင်းရင်းသားတွေဟာ ကျမတို့ လုပ်ဖော်ကိုင်ဖက် ဟုတ်ရဲ့လားဆိုတာကို ကျမတို့ကို ပြဖို့၊ တချိန်လုံး တယောက်နဲ့ တယောက် တဘက်နဲ့တဘက်စကားပြောဆွေးနွေးပြီးတော့ ဒီတာဝန်တွေကိုထမ်းဆောင်သွား ရမှာပါ။


ကျမတယောက်တည်း ကျမသဘောနဲ့ ထမ်းဆောင်သွားလို့ မဖြစ်ပါဘူး။ အခု ဒီမှာ ရောက်နေတာက မျိုးဆက်တွေက လည်းစုံတယ်။ လူကြီးတွေ..ကျမတို့ အခုလာကန်တော့နေတဲ့ ဘဘတို့ရဲ့ မျိုးဆက်တွေ၊ ကျမတို့ရဲ့မျိုးဆက်တွေ၊ ကျမတို့ ထက်ငယ်တဲ့ ၈၈ မျိုးဆက်တွေ၊ ၈၈ ထက်ငယ်တဲ့ လူငယ်တွေ မျိုးဆက်တွေပေါ့နော် ဒီမျိုးဆက်တွေမျိုးဆက်တွေဟာ ဒီတာဝန်တွေကိုဆက်ပြီးတော့ ထမ်းဆောင်သွားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ အခုက အရေးကြီးတာက ကျမရဲ့ အမြင်ကို ကျမပြောတာပေါ့နော်၊ ညီလာခံတခုထက် အရေးကြီးတာက စိတ်ဓါတ်ပဲ။ အဲဒီတော့ ကျမတို့ဟာ ပင်လုံ စိတ်ဓာတ်ကို ဆက်ပြီးတော့ရှင်သန်နေအောင် လုပ်သွားဖို့ဟာ နောင်မျိုးဆက်တွေမှာလည်း တာဝန် ရှိတယ်။ အလုပ်တခု က ညီလာခံတခုနဲ့ ပြီးသွားတာမဟုတ်ဘူး။ ဒီညီလာခံကနေပြီးတော့အကောင်အထည်ဖော်လိုက်တဲ့ကိစ္စ တွေကိုအဓိပ္ပါယ် ရှိရှိနဲ့ ဆက်ပြီးတော့ ကျမတို့နိုင်ငံအတွက် ရပ်တည်သွားနိုင်ဖို့ဆိုတာ အားလုံးရဲ့တာဝန်ဖြစ်တယ်။ ဒီမျိုးဆက်တခုတင် မပြီးသွားဘူး။ မျိုးဆက်တွေ မျိုးဆက်တွေ ဆက်ပြီးတော့လုပ်ရမယ်။

တိုင်းရင်းသားတွေ အားလုံး ညီညီညွတ်ညွတ်နဲ့လုပ်ရမယ်။ အခုကျမတို့ ဒီလိုဝါရင့် နိုင်ငံရေးသမားကြီးများကို ကန်တော့ ပူဇော်ပွဲမှာ ဒီလိုကိစ္စမျိုးနဲ့ဆုံစည်းပြီး လုပ်တာ အင်မတန်မှသင့်တော်တယ်လို့ ကျမထင်ပါတယ်။ တနည်းအားဖြင့် ဆိုလို့ရှိရင် ကျမတို့ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ ကျမတို့လူကြီးများက ကျမတို့ကိုလက်ဆင့်ကမ်းပြီးတော့ တာဝန် ပေးအပ်တဲ့ သဘောပါ။ အဲဒီတော့ ကျမတို့ကလည်းအခုကတည်းက ဘွတ်ကင်လုပ်ထားရမှာပေါ့ (ရယ်လျက်…)။ ကျမတို့ပြီး လို့ရှိရင်လူလတ်ပိုင်း၊ လူလတ်ပိုင်းကနေ လူငယ်ပိုင်း အဆင့်ဆင့်လုပ်သွားရမှာပါ။ ဘယ်တော့မှနိုင်ငံရေးဆိုတာ ပြီးတယ်လို့ မရှိပါဘူး။ နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ ဘယ်သူနဲ့မှလည်း ကင်းတယ်လို့မရှိဘူး။ ဘယ်တော့မှလည်း ပြီးဆုံးသွားတယ် လို့မရှိဘူး။ အဲဒီတော့ ကျမတို့ ဒုတိယ ပင်လုံလို့ပဲ ပြောပြောပေါ့နော်၊ ကျမ ၂၁ ရာစုနှစ် ပင်လုံလို့ ပြောချင်တာက ၂၁ ရာစု အမြင်တွေနဲ့လည်း ကိုက် အောင် ၂၁ ရာစုနှစ်မှာ ကျမတို့ရမယ့်အခွင့်အရေးတွေ လုပ်ပုံလုပ်နည်း ပေါ့နော် လမ်းကြောင်းတွေနဲ့ ကိုက်အောင်ဆိုပြီးတော့ ကျမက သုံးလိုက်တာပါ။

လူကြီးတွေပြောတဲ့ ဒုတိယပင်လုံဆိုတဲ့ စကားကိုဖယ်ရှားတဲ့သဘောလည်းမဟုတ်ပါဘူး။ ထပ်ပြီးတော့ ဖြည့်ဆည်းပေးတဲ့ သဘောလို့ပဲ ကျမမြင်စေချင်ပါတယ်။ ကျမတို့နိုင်ငံဟာ တကယ့်ပြည်ထောင်စု စစ်စစ်ဖြစ်ဖို့ဟာ လူတိုင်းရဲ့တာဝန်ဖြစ် တယ်။ အဲဒီမှာတော့ ကျမတော့ပြောရမှာပဲ။ ကျမတို့ ..ကျမက ဗမာဆိုတော့ ဒီလိုအခြေအနေမှာ ပြောလို့လည်းကောင်း ပါတယ်။ လူများစုဖြစ်တဲ့ ဗမာတွေက ပိုပြီးတော့ ကြိုးစားရမယ်။ ဟို.. ငါတို့က လူများစုဆိုတာအခွင့်အရေးယူဖို့မဟုတ် ဘူး။ ပိုပြီးတော့ တာဝန်ယူဖို့။ အဲဒီလိုပဲမြင်ပါ။ ကိုယ့်မှာ အင်အား ပိုပြီးတော့များလို့ရှိရင် တာဝန်ပိုပြီးတော့ယူရမယ်။ အခွင့်အရေး ကို လျှော့ပြီးတော့ယူရမယ်။ ဒါမှ လူ့သိက္ခာနဲ့ ညီညွတ်တယ်။ ဒါမှ ကျမတို့နိုင်ငံအတွက်ကောင်းတဲ့ အစဉ် အလာတွေ ဖြစ်နိုင်မှာပါ။

အဲဒီတော့ တိုတိုပဲပြောပါရစေ။ ကျမတို့ တော်လှန်ရေးဆိုတဲ့တော်လှန်ရေးသမားဆိုတဲ့အဓိပ္ပာယ်ကို ကျမခေါ်ဆိုတဲ့အခါမှာ တခါလည်းပြောဖူးပါတယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့ ‘သူ့မှာတမ်း’ ဆိုတဲ့ကဗျာပေါ်ကို အခြေခံပြီးကျမပြောလေ့ရှိပါတယ်။ တော်လှန်ရေးသမားရဲ့စိတ်ဓာတ်ဆိုတာ နောက်ဆုံးတိုင် ..နောက်ဆုံး ဆုံးတိုင်…အဲဒီကဗျာကို မှတ်မိတဲ့ ဖတ်ဖူးတဲ့သူတွေ မှတ်မိတဲ့သူတွေဆို သိပါလိမ့် မယ်။ဒီတော်လှန်ရေးသမားလေးဟာ တော်လှန်ရေးမပြီးခင်ကျဆုံးသွားတဲ့ အခါကျတော့ သူက တောင်းပန်သွားတယ်။ အားနာပါတယ်ပေါ့နော်။နောက်ဆုံးအချိန်ထိ မနေခဲ့တာပေါ့နော်။ အဲဒီလိုပဲဖြစ်ရမယ်။ ကိုယ်ကဘယ်လောက်လုပ်ပေးပါတယ်ဆိုတာကိုပြောမယ့်အစား ကိုယ်ဒါ့ထက်ပို ပြီးတော့ မလုပ်ပေးနိုင်တာကိုမကျေနပ် နိုင်ပါဘူး။ မလုပ်ပေးနိုင်လို့တောင်းပန်ပါတယ်ဆိုတဲ့ စိတ်ဓာတ် ကျမတို့အားလုံး မှာရှိရမယ်။ အဲဒီလိုစိတ်ဓာတ်နဲ့ လုပ်သွား မယ်ဆိုလို့ရှိရင်… တကယ်တော့ နိုင်ငံတနိုင်ငံရဲ့တော်လှန်ရေးဆိုတာ...အခုဆိုရင် ကမ္ဘာကြီးမှာ သူတို့က အခုနောက်ဆုံးတော်လှန်ရေးကို IT တော်လှန်ရေးပေါ့နော်။ ဒီလို သူတို့ ခေါ်ကြတယ်။ နည်းပညာတော်လှန်ရေး ပေါ့နော်။ အရင်တုန်း က စက်မှုတော်လှန်ရေးလည်းရှိခဲ့တယ်။ တကယ့် ပြင်သစ်တော်လှန်ရေး…တော်လှန်ရေးဆိုတာအမျိုးမျိုးပေါ့။ တော်လှန်ရေး ဆိုတာဟာ အပြောင်းအလဲကြီးတခုပဲ။ သိသာတဲ့ အပြောင်းအလဲကြီးတခုပဲ။

အဲဒီလိုအပြောင်းအလဲတွေဟာ ကျမတို့ ကမ္ဘာကြီးတည်သရွေ့ဒီလို အပြောင်းအလဲတွေက ရှိနေမှာပဲ။ အဲဒီတော့ ကျမတို့ အားကိုးမှာတော်လှန်ရေးစိတ်ဓာတ်မွေးတယ်ဆိုတာ အဲဒါကို ပြောတာ။ ခေတ်နဲ့အညီ ကိုယ့်ရဲ့တာဝန်ကို ဆုံးခန်း တိုင်အောင် ဆက်ပြီးတော့ ထမ်း ဆောင်သွားချင်တဲ့ စိတ်။ အဲဒီတော့ အခု ကျမတို့ဟာ ခေတ်နဲ့အညီဒီပြည် ထောင်စု စိတ်ဓာတ်တွေကို ဘယ်တော့မဆို ခိုင်မြဲသထက်ပိုပြီးတော့ခိုင်မြဲအောင်လုပ်သွားရမှာက အဆုံးရှိမှာမဟုတ်ဘူး။ ဘယ်တော့မှ အဆုံးရှိမှာမဟုတ်ဘူး။ ဒီ...ပင် လုံညီလာခံ..ဒုတိယပင်လုံညီလာခံခေါ်ပြီးလို့ရှိရင် ပြီးပြီဆိုတာ လည်း မဟုတ်ဘူး။ ပင်လုံညီလာခံက ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ရမယ်။ ဆက်ပြီး ဆက်ပြီးတော့ဒီပင်လုံ စိတ်ဓာတ်တွေကို ပိုပြီးတော့ ခိုင်မာအောင်လို့ ပိုပြီးတော့ ကျယ်ပြန့်အောင်လို့ ကျမတို့ ဆက်ပြီးတော့ ကြိုးစားသွားရမယ်။

အဲဒီတော့ ကျမဒီမှာ ခပ်တိုတိုနဲ့ပဲပြောပါရစေ။ ပေးအပ်ခဲ့တဲ့ …အခုပေးတဲ့ တာဝန်တွေကို ကျေပွန်အောင်လို့ကျမကြိုးစား ပါ့မယ်။ ဒီလိုကြိုးစားတဲ့နေရာမှာ ၀ိုင်းပြီးတော့ ကူညီပေးကြပါ။ အကြံဉာဏ်ပေးကြပါ။သဘောမတူရင်လည်းသဘောမတူ ဘူးလို့ ပြောကြပါ။ နောက်ပြီးတော့ ဘာဖြစ်လို့သဘောမတူတာလဲ။ ကျမလုပ်ပုံကိုင်ပုံကို သဘော မတူလို့ဆိုရင်ဘာဖြစ်လို့ သဘောမတူတာလဲဆိုတာကို ပြောကြပါ။ ကျမက အဲဒီဘာဖြစ်လို့ဆိုတဲ့ဟာ ...မေးခွန်းက အင်မတန်အရေးကြီးတယ်လို့ ထင်ပါတယ်။ မကြိုက်ဘူးလို့ ပြောရုံနဲ့မရဘူး။ ကြိုက်တယ်လို့ပြောရုံနဲ့လည်းမရဘူး။ ကိုယ့်မှာ အကြောင်းအချက်ခိုင်ခိုင်မာ မာရှိရမယ်။အဲဒီတော့မှလည်း တဘက်ကနားလည်နိုင်မယ်။ ဘယ်လိုပြုပြင်ရမလဲ၊ဘာဖြစ်လို့ ပြုပြင်သင့်သလဲဆို တာကို သဘောပေါက်မယ်။ အဲဒီတော့ဒီတာဝန်ထမ်းဆောင်ဖို့အတွက်ကျမတို့ ၀ါရင့်နိုင်ငံရေးသမားကြီးများဖြစ်ကြတဲ့ လူကြီးများ၊ ကျမတို့ရဲ့အသက်အရွယ် ကျမနဲ့ တမျိုးဆက်တည်း ဖြစ်တဲ့ပုဂ္ဂိုလ်များ၊ နောက်ပြီးတော့ ကျမတို့ထက်ငယ်တဲ့ ၈၈မျိုး ဆက်လို့ပဲဆိုပါတော့ လူလတ်ပိုင်း၊ နောက်ပြီးတော့ တက်သစ်စဖြစ်တဲ့ လူငယ်ပိုင်းတွေဟာ အားလုံးဝိုင်းပြီးတော့ကူညီကြ ပါ။အားလုံး ၀ိုင်းပြီးတော့လုပ်ကြပါ။ အားလုံးရဲ့တာဝန်ဟာ တယောက်ချင်းတယောက်ချင်းရဲ့တာဝန်ဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ထားစေချင်တယ်။ ကျမတို့မှာ အားနည်းချက်တွေရှိလို့ရှိရင် အားနည်းချက်ဟာလည်း လူတိုင်းနဲ့ဆိုင် တယ်။ အောင်မြင်မှုဟာလည်း လူတိုင်းနဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ကိုထားချင်ပါတယ်။ တချို့ကျတော့ အားနည်းချက်ဆိုရင်တော့ ငါနဲ့ မဆိုင်ဘူး။

အောင်မြင်မှုဆိုတော့ ဒို့ပဲ..ဒို့ပဲဆိုတာ " ဒါကြီးကတော့မဖြစ်ဘူးနော်။ အဲဒီစိတ်ဓာတ်ကိုတော့ ကျမတို့ဖယ်ရှားရမယ်။ ဒါဟာပုဂ္ဂိုလ်တဦးတယောက်ချင်းဟာလည်း ဒီလိုစိတ်ဓာတ်ထားရမယ်။ အဖွဲ့အစည်းတခုချင်းကလည်းအဲလိုစိတ်ဓာတ် ထားရမယ်။ အဲတော့ ကျမတို့လုပ်တာအောင်မြင်ရင် ဒို့ အန်အယ်လ်ဒီကွလို့ အဲလိုပြော တာဟာအင်မတန်မှ မှားတယ်။ ဒါပေမယ့် တချို့ကျတော့လည်း ကျမတို့ ဒီနိုင်ငံရေးနဲ့ပတ်သက်လို့ လုပ်တာတွေဟာ သိပ်အားမရဘူးဆိုရင် အဲဒါ

အန်အယ်လ်ဒီပဲဆိုပြီးတော့ လက်ညိုးထိုးတာလည်းရှိတယ်။ အဲဒီနှစ်ခုစလုံးက မမှန်ဘူး။ မမှန်ဘူး။ အားလုံးတကယ်ပဲ ကျမတို့ဒီတိုင်းပြည်မှာ စစ်မှန်တဲ့ စိတ်ဓာတ်တော်လှန်ရေးကြီးကို အောင်အောင်မြင်မြင်လုပ်ချင်တယ် ဆိုရင်အားနည်းချက် တွေကိုလည်း အားလုံးနဲ့ဆိုင်တယ် ဆိုတဲ့ စိတ်ဓာတ်ထားရမယ်။

အောင်မြင်ချက်တွေကိုလည်း အားလုံးနဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ထားရမယ်။ ဒါဟာ တကယ့်ကိုညီညွတ်ရေးရဲ့ အခြေခံပါပဲ။ဒီတော့ ကျမတို့ ပင်လုံစိတ်ဓာတ်ကို ထူထောင်နိုင်ရင် ကျမတို့တိုင်းရင်းသားအားလုံး ... ကျမတိုင်းရင်းသား ထဲမှာ ဗမာကိုပါ ထည့်ပြီးတော့ပြောလိုက်မယ်။ ဗမာနဲ့တိုင်းရင်းသားဆိုတာ ဒါပြောစရာမလိုဘူး။ ကျမ တို့လည်း တိုင်းရင်းသားလူမျိုးပဲ။ ဒီထဲက တိုင်းရင်းသားတစုပဲ။

အဲဒီတော့ ကျမတို့တိုင်းရင်းသားအားလုံးရဲ့ လုပ်ဆောင်ချက်ကြောင့် အောင်မြင်တယ်ဆိုတာကိုပဲ ကျမတို့ ရှေ့ရှုပြီးတော့ ကြိုးစားသွားပါ့မယ်လို့ … ကျမ … ကတိပြုတယ်ပဲပြော ပါရစေ။ ကျမ … ကျမကတိ သိပ်ပြီးတော့ လည်း မပေးချင်ဘူး။ ကတိဆိုတာ သေချာတည်နိုင်တယ်ဆိုတဲ့ဟာကို အာမခံချက်ရှိမှ။ အဲဒီတော့ ကျမ လုပ်နိုင်သလောက်လုပ်သွားပါ့မယ်။ ကျမ တတ်နိုင်သလောက်ဒီတာဝန်ကိုကျေပွန် အောင် လုပ်သွားပါ့မယ်လို့ပဲ ပြောပါရစေ။ အားလုံးကိုကျေးဇူးတင်ပါတယ်။



VOB ပါ 17-11-2010 ရက်နေ့က UNLD, UNA တိုင်းရင်းသားခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့သော မိန့်ခွန်းကို ပြန်လည်ကောက်နှုတ်ဖေါ်ပြသည်။

No comments: