Saturday, November 12, 2011

ပြည်ပ မီဒီယာများ၏ မေးမြန်းများကိုဖြေကြားရန် ဇာဂနာယာယီရပ်ဆိုင်း

..



 ပြည်ပမီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားရန် ဇာဂနာယာယီရပ်ဆိုင်း



ရန်ကုန်၊ နိုဝင်ဘာ ၁၁၊ ၂၀၁၁ ပြည်ပအခြေစိုက် မီဒီယာများ၏ ဆက်သွယ်မေးမြန်းမှုများကို ဖြေကြားရန် ယာယီရပ်ဆိုင်းလိုက်ကြောင်း လူရွှင်တော်ဇာဂနာက သူ၏ Facebook အင်တာနက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ အဆိုပါ ကိစ္စနှင့် ပတ်သတ်ပြီး လူရွှင်တော် ဇာဂနာအား The Messenger Journal မှ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက "ကျွန်တော်တို့ စေတနာနဲ့ လုပ်နေတဲ့အလုပ်တွေကို စေတနာပျက်အောင်၊ စေတနာကွက်အောင် အနှောင့်အယှက်ပေးသလို ဖြစ်နေတယ်။ သူတို့ ပြောတာဆိုတာတွေကြောင့် ကျွန်တော်တို့ကို ထောင်ဝန်ထမ်းတွေ မကူညီတော့ရင် ကျွန်တော်တို့ သူငယ်ချင်းတွေပဲ ဒုက္ခရောက်မယ်။ လှူနေတဲ့သူတွေလဲ မလှူရဲလောက်အောင် ဖြစ်နေတယ်"ဟု ပြောကြားခဲ့သည်။ အောက်တိုဘာလ ၁၂ ရက်နေ့ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် နိုင်ငံရေးအကျဉ်းသားအဖြစ်မှ လွတ်မြောက်လာခဲ့သော လူရွှင်တော်ဇာဂနာသည် မလွတ်မြောက်သေးသည့်နိုင်ငံရေးအကျဉ်းသား များကို ငွေကြေး၊ ဆေးဝါး၊ အစားအစာနှင့် လိုအပ်သည်များကို အောက်တိုဘာ ၂၄ ရက်နေ့မှ စတင်ပြီး ပေးပို့ လှူဒါန်းခဲ့သည်။ အဆိုပါ ကိစ္စနှင့် ပတ်သတ်ပြီး ပြည်ပမီဒီယာအချို့မှ သတင်းအချက်အလက်များ မှားယွင်းဖော်ပြခဲ့ရာ လူရွှင်တော် ဇာဂနာက ပြည်ပ မီဒီယာများနှင့် ဆက်ဆံရေးယာယီရပ်တန့်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ "မီဒီယာတွေ အနေနဲ့က ဒါမျိုးမတော်တဆ လွဲချော်တာတွေ ဖြစ်တတ်တယ်။ တမင်လုပ်မယ်လို့တော့ မထင်ဘူး။ မှားယွင်းဖော်ပြခဲ့မိရင်လည်း မှားယွင်းကြောင်း ရှင်းသင့်တယ်။ မီဒီယာသမားနဲ့ နိုင်ငံရေးသမား၊ အနုပညာသမားဆိုတာ မကင်းရာ မကင်းကြောင်းတွေ ဖြစ်တဲ့အတွက် ညှိနှိုင်းလို့ ရမယ်ထင်ပါတယ်" ဟု ၀ါရင့် သတင်းစာဆရာ ဆရာမောင်ဝံသက ပြောသည်။ ပြည်ပမီဒီယာများသည် လုံးဝလွတ်လပ်သော အနေအထားတွင် ရှိနေရာ သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ ထိရောက်လျင်မြန်စွာ ဖြန့်ဝေနိုင်စွမ်းရှိသကဲ့သို့ ၎င်းတို့ ဖြန့်ဝေသော သတင်းအပေါ်တွင် တာဝန်ယူမှုအပြည့်အ၀ပေးရန် လိုအပ်ကြောင်း ပြည်တွင်းစာနယ်ဇင်းအသိုင်းအ၀ိုင်းမှ သုံးသပ်သည်။ "ပြည်ပအခြေစိုက် မီဒီယာတိုင်း၊ သတင်းထောက်တိုင်း ကိုတော့ မဆိုလိုပါဘူး။ တချို့ ပြည်ပ သတင်းဌာနတွေ၊ တချို့ ပြည်ပအခြေစိုက် မြန်မာသတင်းထောက်တွေ သတင်းတင်ပြပုံ၊ အင်တာဗျူးမေးပုံတွေက ပြည်သူကို တကယ်သတင်းအမှန်ပေးချင်တာထက် သူတို့ လိုချင်တဲ့လမ်းကြောင်းကို မရောက်ရောက်အောင် ဆွဲတင်သလိုဖြစ်နေတယ်။ သတင်းလက်ခံသူတွေကို သူတို့စိတ်ထဲမှာ ဘယ်လိုထင်ထားလဲ၊ ပြည်သူက မအဘူးဆိုတာ သဘောပေါက်စေချင်တယ်" ဟု ပြည်တွင်းသတင်းဂျာနယ်တစ်ခုမှ တာဝန်ခံအယ်ဒီတာတစ်ဦးက ပြောသည်။ ပြည်ပမီဒီယာများနှင့် ဆက်ဆံရသောအခြေအနေကို လူရွှင်တော်ဇာဂနာက"တခါတလေကျရင် သူတို့က အစိုးရမကောင်းကြောင်းကို ကျွန်တော့်ကို အတင်းပြောခိုင်းသလိုဖြစ်နေတယ်။ သူတို့ ပြောချင်တာကို ကျွန်တော့်ကို အတင်းတိုက်တွန်းပြီး ပြောခိုင်းသလိုဖြစ်နေတယ်။ သူတို့အနေနဲ့ အဲဒီလို ဆန္ဒရှိတယ်ဆိုရင် ဒီမှာ ကိုယ်တိုင်လာပြောကြစေချင်တယ်" ဟု ပြောကြားခဲ့သည်။ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနားအကျဥ်းထောင်မှ လွတ်မြောက်လာသော လူရွှင်တော် ဇာဂနာသည် လုပ်ဖော်ကိုင်ဘက် အနုပညာရှင်များ၏ အကူအညီဖြင့် နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင် ၄၂ ခုမှ မလွတ်မြောက်သေးသည့် နိုင်ငံရေးအကျဉ်းသားများအား လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။


..

No comments: