Thursday, July 14, 2011

-အာနာ-ရှင်များဘာလုပ်နေသလဲလေ့လာကြပါ

ကြံ့ဖွံ့ပါတီဝင် များလာရန် လစာပေးစည်းရုံးနေ
လက်ရှိ အာဏာရပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည် ပါတီဝင် များပြားလာစေရန် အတွက် ကြံ့ဖွံ့မြို့နယ်၊ ခရိုင်ရုံးများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရုံးများတွင် အလုပ်အမှုဆောင် အဖွဲ့ဝင်များကို လစာပေးမည်ဟု ဆိုကာ စည်းရုံးနေကြောင်း သတင်းရရှိရသည်။

ကြံ့ဖွံ့ ပါတီဝင်များကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးအဆင့်များ ခွဲကာ လစာ သတ်မှတ်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီမှ အလုပ်အမှုဆောင် တဦးကဆိုသည်။
“မြို့နယ်အဆင့်ဆို ကျပ် ၆ သောင်းကနေ ၈ သောင်းပေးမယ်၊ သူအဆင့်နဲ့ သူပေါ့။ ခရိုင်အဆင့် EC တွေဆို လစာက မြို့နယ် အဆင့်ထက် ၁ သောင်းကနေ ၂ သောင်းအထိ ပိုရမယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။
ကြံ့ဖွံ့ပါတီဝင်များကို လစာများဖြင့် ခန့်ထားရာတွင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရသွားသော လွှတ်တော် အမတ်များ ပါဝင်မည် မဟုတ်သည့်အတွက် ပါတီဝင်လာစေရန် စည်းရုံးမှု တခုသာဖြစ်ကြောင်း နိုင်ငံရေးသမား တချို့က ပြောနေကြသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီအတွက် ရပ်ကွက်အဆင့် စည်းရုံး လှုပ်ရှားခဲ့သူများကို မြို့နယ် အလုပ်အမှုဆောင် များအဖြစ် ရာထူးတိုးပေးခဲ့ပြီး လုပ်ပိုင်ခွင့်နှင့် အာဏာမှာလည်း မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်များထက် ပိုမိုရရှိကြောင်း သတင်းရရှိသည်။

လက်ရှိအချိန်တွင်လည်း ကြံ့ဖွံ့ပါတီဝင်များသည် ရပ်ကွက်များအတွင်း တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၊ ဘွဲ့ရ လူငယ်များအား ရာထူး၊ အခွင့်ထူးများ ပေးမည်ဟု ဆိုကာ စည်းရုံးလျက်ရှိကြောင်း ရန်ကုန် သာကေတမြို့နယ်ရှိ ဒေသခံ လူငယ် တဦးက ဆိုသည်။

“ဒါက ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်စည်းရုံးမှုလည်း ဖြစ်နိုင်တာပဲ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲ မတိုင်ခင်တုန်းကလည်း ပါတီဝင်ပါလား၊ လူငယ်လည်းဖြစ်တယ်၊ ဘွဲ့လည်းရထားတော့ ဂျပန်ခရီးစဉ်တွေ ဘာတွေ လွှတ်ရင် သွားရမယ်လို့ ပြောပြီး မဲဆွယ်တယ်” ဟု သူက ပြောသည်။

အောက်ခြေအဆင့် ပါတီဝင်များ တိုးချဲ့ စုဆောင်းရာတွင် ရာထူးနေရာ အသစ်များကိုပါ တီထွင်ခန့်ထားခြင်းဖြင့် မက်လုံးပေးပြီး ဘွဲ့ရ ပညာတက်များကို ဦးစားပေးစနစ်ဖြင့် ပါတီဝင်ခန့်ထားခွင့်ရရန် သိမ်းသွင်းမှုများလည်း ရှိနေကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီသည် အမျိုးသားဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ တို့မှ ပါတီဝင် လူငယ်များ၊ အသက် ၃၅ နှစ် အောက် နိုင်ငံရေးပါတီ ကိုယ်စားလှယ် ၂ ဦးစီနှင့် စုစုပေါင်း လူ ၂၀ ခန့်ကို ဂျပန်ပါလီမန် လေ့လာရေး ခရီးစဉ်အဖြစ် ယခုလအတွင်း စေလွှတ်ရန် စီစဉ်လျက်ရှိသည်။

အဆိုပါ ပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၂၅ နယ်အနက် ၂၅၉ နယ်၌လည်းကောင်း၊ အမျိုးသားလွှတ်တော် မဲ ဆန္ဒနယ် ၁၆၈ နယ် အနက် ၁၂၉ နယ်၌ လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် မဲဆန္ဒနယ် ၆၆၁ နယ်အနက် ၄၉၄ နယ်၌ လည်းကောင်း အနိုင်ရရှိခဲ့ပြီး စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ် ၁၁၅၄ နေရာ အနက် ၈၈၂ နေရာ၌ အနိုင်ရရှိခဲ့သည်ဟု အစိုးက ကြေညာခဲ့သည်။

ကြံ့ဖွံ့ပါတီ၏ ဗဟို အလုပ်အမှုဆောင် အဖွဲ့သစ်ကို သူရဦးရွှေမန်း (ဒုတိယ ဥက္ကဋ္ဌ)၊ ဦးဌေးဦး (အထွေထွေ အတွင်းရေးမှူး)၊ ဦးသောင်း (အတွင်းရေးမှူး)၊ ဦးတင်ထွတ် (အတွင်းရေးမှုး)၊ ဦးအောင်သောင်း (အတွင်းရေးမှူး)၊ ဦးသိန်းဇော် (အတွင်းရေးမှူး)၊ ဦးစိုးသာ (ဗဟိုအလုပ်အမှုဆောင်) အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၇ ဦးတို့ဖြင့် ပြန်လည် ဖွဲ့စည်းထားသည်

No comments: