Friday, October 7, 2011

ရွေးကောက်ပွဲဝင် နိုင်ငံရေးပြသနာများ (၃)

..


အစိုးရသစ်တက်လာတာဟာ ရက်ပေါင်း ၂၀၀ လောက်ပဲရှိပါသေးတယ်။ NLD ကတော့ ပါတီမှတ်ပုံတင်ဥပဒေ ပြင်ဆင်ပေးလိုက်တာနဲ့ပဲ ပါတီမှတ်ပုံပြန်တင်ဖို့ လေသံပစ်နေပါပြီ။ ရှေ့ရက်ပေါင်း ၂၀၀ လောက်တောင်ကြို တင်အကွက်မမြင်ခဲ့တဲ့ NLD ရဲ့ဦးဆောင်မှုကို ပြည်သူများ ပြန်လည်သုံးသပ်ဖို့လိုနေပြီဖြစ်ပါတယ်။ တစ်နိုင်ငံလုံး နဲ့တစ်ကမ္ဘာလုံးက ထောက်ခံထားတဲ့ ဦးဆောင်ပါတီကို အလွယ်တကူ ဖျက်သိမ်းပစ်ခဲ့ပြီး အမှားကိုဝန်မခံပဲ ပြည်သူကို သေချာရေရာတဲ့ ဦးဆောင်မှုမပေးနိုင်တဲ့ပါတီခေါင်းဆောင် အ ချို့ကို ပြည်သူဟာ ဆက်လက်ယုံ ကြည် နေကြဦးမှာလား။

ပါတီမှတ်ပုံတင်တာနဲ့ ရွေးကောက်ပွဲဝင်တာကိုသီဲးခြား ခွဲပြီးစဉ်းစားသင့်တယ်လို့ ဦးဝင်းတင်က ဆိုပါတယ်။ သူ့တစ်ဦးတည်းသဘောလို့လည်းပြောသွားပါသေးတယ်။ ဘယ်သူစကားကိုယုံရမှာလည်း NLD ??? ။ ပါတီမှတ်ပုံတင်တော့မယ်ပြောရင် တစ်ချိန်က မှတ်ပုံတင်ခဲ့တဲ့ပါတီတွေကို  ရန်သူ့လူလို့ တိုက်ခိုက်ခဲ့တာကို သတိတရနဲ့ တောင်းပန်ဖို့ မမေ့သင့်ပါဘူး U WIN TIN ။

ပြည်သူကို ဦးဆောင်မှုအမှား ပေးခဲ့တာကိုလည်း ၀န်ချတောင်းပန်ဖို့မမေ့ပါနဲ့။ အခုလို သတိပေးလိုက်တော့ ကျွန်ုပ်တို့ပါတီကို ရန်သူ့လူပါ လို့ထပ်ပြောဦးမလား။ ကျွန်ုပ်တို့ဟာ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင် တယ်ဆိုလို့ သဘောထားပျော့ပြောင်းသူတွေ မဟုတ်ပါ။ မိမိရဲ့ယုံကြည်ချက် မူဝါဒ အပေါ်မှာ သဘောထား တင်းမာသူတွေဖြစ်ပါတယ်။ NLD ဟာ ပြည်သူအတွက် မဆီလျှော်တဲ့မူဝါဒတွေနဲ့ ဦးဆောင်မှုပေးဖို့ကြိုးစား နေဦးမယ်ဆိုရင် ဆက်လက် ဝေဖန်မှုပြုသွားမှာဖြစ်ပါတယ်။ ဒီအတွက်ဘယ်တော့မှ အလျှော့ပေးလိမ့်မယ် မဟုတ်ပါဘူး။

ပြည်သူကို ပင်ပန်း ဆင်းရဲခံစေတဲ့ စီးပွားရေးပိတ်ဆို့မှုကို တစ်ဖက်လှည့်နဲ့ထောက်ခံ ပြီး အစိုးရကိုဖိအားပေး တဲ့နည်းကို ကျင့်သုံးနေတာကိုလည်း ရပ်တန့်သင့်ပါပြီ။ စီးပွားရေးပိတ်ဆို့တာ NLD ရဲ့မူ ၀ါဒ မဟုတ် ဘူးဆိုနေပေမဲ့ NLD က ထောက်ခံနေတဲ့မူဝါဒဆိုတာလူတိုင်းသိပါတယ်။ ဝေ့လည်ကြောင်ပတ်မလုပ် သင့်တော့ပါဘူး။ အခုချိန်ဟာ ဥရောပနဲ့ အမေရိက မှာ အလွန်ပဲ စီးပွားပျက်ကပ်နဲ့ ရင်ဆိုင်နေရချိန်ဖြစ်လို့ တိုင်းပြည်တိုင်းဟာ နည်းမျိုးစုံနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်နေရချိန်ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ရာသီဥတုတွေဖေါက်ပြန်မှုကြောင့် နိုင်ငံတိုင်းဟာ အင်မတန် မြင့်မားတဲ့ တိုင်းပြည် ပြန်လည်ထူထောင်ရေးစရိတ်တွေကိုသုံးစွဲနေရပါသေးတယ်။ အခုအချိန်ဟာ တိုင်းပြည်အတွက် အကျိုးရှိမယ် ဆိုရင် ၀င်လာသမျှတစ်ကျပ်တစ်ပြားကို လက်ခံကြိုဆိုရမယ့်အချိန်ဖြစ်ပါတယ်။

NLD နားလည်ဖို့က အစိုးရဟာ စီးပွားပိတ်ဆို့မှုနဲ့ အကြပ်ကိုင်တာကို ဘယ်တော့မှ စိုးရိမ်လိမ့်မယ်မ ဟုတ်ဘူး ဆိုတာကိုပါပဲ။ နိုင်ငံတကာမိသားစု ဟာ နောက်ဆုံးတော့ စီးပွားပိတ်ဆို့မှုတွေ ကို ပြန်ဖွင့် ပေးရမှာပါ။ NLD အလိုကျပြောင်းလဲမှုတွေလုပ်ပေး မှ စီးပွားပိတ်ဆို့မှုကို ဖွင့်လှစ်ပေးဖို့ နိုင်ငံတကာ ကိုတောင်း ဆိုမယ်ဆိုတဲ့ လုပ်ရပ်ဟာ ပြည်သူကို ဆင်းရဲဒုက္ခ မျိုးစုံခံပြီး NLD ကို အာ-နာ ရအောင်လုပ်ပေး ရမယ်ဆိုတာနဲ့ အတူတူပါပဲ။

စစ်မှန်သော ဒီမိုကရေစီနည်းကျရွေးကောက်ပွဲကြီး ဖြစ်လာမှတော့ NLD ဆိုတာလည်းမလိုတော့ပါဘူး။ ဒီမိုကရေစီအရေးတိုက်ပွဲဝင် သူများလည်း ဘယ်သူမှ မလိုအပ်တော့ပါဘူး။

ပြည်သူကို ပန်ကြားချင်တာကတော့ စစ်မှန်တဲ့ဦးဆောင်မှုမပေးနိုင်တဲ့ နိုင်ငံရေးပါတီတစ်ရပ်ကို ထောက်ခံမှု မပြုရေးပဲဖြစ်ပါတယ်။ လောကမှာ ယုံကြည်ရတဲ့လူဆိုတာမရှိပါဘူး ။ ယုံကြည်ရတဲ့မူဝါဒပဲရှိပါတယ်။ ဒီမိုကရေစီခေတ်မှာ ပြည်သူဟာ လူတွေထက် မူဝါဒတွေကိုသာ အလေးထားရမှာဖြစ်ပါတယ်။

NLD ရဲ့မူဝါဒ ဘာလဲ လို့မေးပါ။ ပါတီမှတ်ပုံပြန်မတင်ခဲ့တာ၊ ရွေးကောက်ပွဲဝင်နိုင်ငံရေးကို လေးလေးနက်နက် မစဉ်းစားမဆင်ခြင်ပဲ သပိတ်မှောက်ခဲ့တာ၊ စီးပွားရေးပိတ်ဆို့မှုကို မျက်စေ့စုံမှိတ် အခုချိန်ထိထောက်ခံနေတာ၊ ဒီမိုကရေစီရရှိရေးအတွက် ပြည်သူက ဘာလုပ်ပေးနိုင်မလဲလို့မေးတာ။ ရွေးကောက်ပွဲဝင် နိုင်ငံရေးလုပ်သူတွေကို ရန်သူ့လူလို့ပုတ်ခတ်တာ။ ဒါတွေဟာ NLD ရဲ့မူဝါဒတွေပါပဲ။

ပြည်သူကို အသိပေးချင်တာက ပြည်သူရဲ့ အလုပ်ဟာ နိုင်ငံရေး ဦးဆောင်သူတွေကို ထောက်ခံမှုပေးခြင်း ဖြစ်ပါတယ်။ ထောက်ခံတဲ့နည်း တွေ များစွာရှိနိုင်တဲ့အထဲက ရွေးကောက်ပွဲမှာ ဒီမိုကရေစီအရေးကြိုးပမ်း သူတွေကို မဲထည့်ခြင်းဟာ ကမ္ဘာကုန်ကျယ်သရွေ့ လုပ်ဆောင်ရမဲ့နည်း နာတစ်ခုဖြစ်ပါတယ်။

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရေစီအရေးကြိုးပမ်းသူတွေကို ပြတ်ပြတ်သားသား မဲထည့်ဖို့ဖြစ်ပြီး။ မဲရုံသပိတ်မှောက်တဲ့ NLD ရဲ့မူဝါဒကို ကြော ခိုင်းလိုက်ကြဖို့ပဲဖြစ်ပါတယ်။

ပြည်သူကို မှန်ကန်တဲ့ဦးဆောင်မှုမပေးနိုင်တဲ့ ပါတီတစ်ရပ်ကို နာခံစရာမလိုပါ။ ပါတီတစ်ရပ်ကို ထောက်ခံမယ်လို့ကြံတိုင်း အဲဒီပါတီရဲ့ မူဝါဒက ဘာလဲလို့မေးပါ။ အဲဒီပါတီကို ဦးဆောင်သူဟာ ဘယ်သူလဲ လို့မမေးပါနဲ့။ ဦးဆောင်သူဗဟိုပြုဝါဒ ဟာ ဒီမိုအရေစီမဟုတ်ပါ။ အာဏာရှင် စနစ်သာလျှင်ဖြစ်ပါတယ်။ ဦး ဆောင်သူတွေဟာ အသက်အရွယ်ကြီးရင့်လို့သေဆုံးသွားနိုင်ပါတယ်။ စစ်မှန်တဲ့မူဝါဒဟာ ဘယ်တော့မှ မသေပါ ။

ပါတီမှတ်ပုံတင်တာနဲ့ရွေးကောက်ပွဲဝင်တာနဲ့ကို ခွဲခြားခွဲပြီး စဉ်းစားသင့်တယ် လို့ ဦးဝင်းတင်က ဘီဘီစီကို ပြောလိုက်ပါတယ်။ သူတစ်ယောက်တည်းသဘောထားလို့လဲဆိုပါသေးတယ်။ ပါတီခေါင်းဆောင်တစ် ယောက်ရဲ့ တရားဝင် မီဒီယာမှာ ပြောတဲ့ သဘောထားဟာ ပါတီရဲ့မူဝါဒလို့ပဲ သတ်မှတ်ပါတယ်။   
ဝေ့လည်ကြောင်ပတ်မလုပ်ပါနဲ. U WIN TIN !!!!!


...

No comments: