Monday, January 16, 2012

မြောက်ပိုင်းလူသတ်မှု အပိုင်း (၅)

မြောက်ပိုင်းလူသတ်မှုအားစုံစမ်းရေးကော်မရှင်ဖွဲ့ပါ


.

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း- ၅)

ရေးသူ- (ကို)အောင်မိုးဝင်း

ယခင်အပိုင်း(၄)မှ အဆက် ….

နားထောင်စမ်း- ဒီည-- ပါဂျောင် ရဲ့အကျဉ်းထောင်ထဲမှာ “ ယုဇနပင် နဲ့ ဖဲကြိုးဝါ” သီချင်းဆိုမဲ့သူမရှိဘူး “ထွန်းအောင်ကျော်” ရဲ့ ဝိညာဉ်တွေက စန္ဒယားခလုတ်တွေပေါ်မှာ ပြေးဆော့နေတယ်၊ သမဂ္ဂ အလံတော်အောက်မှာ--- သမဂ္ဂအလံတော် အောက်မှာ ------- တဲ့လေ…………….
“လှဆိုင်း၊ မျိုးဝင်း၊ သံချောင်း၊ အောင်နိုင်၊ သန်းဇော်” တို့အတွက်ဆယ်ဘဝစာ လိပ်ပြာခြောက်လန့်နေတော့မယ်

မြောက်ပိုင်းဒေသရဲ့ ရက်စက်ကြမ်းကြုတ် လူမဆန်တဲ့အစုလိုက်အပြုံလိုက် လူသတ်ပွဲကြီးအပြီး၊ မန္တလေးစစ်ထောက်လှမ်းရေးတွေပြောနေကျ စကားတခုရှိတယ်။ သူတို့ဖမ်းဆီးထားတဲ့ ကျောင်းသားတွေ
ဆီက အဖြေမရမချင်း “ဟေ့ ကောင်တွေ မှန်မှန်ဖြေနော် မဖြေရင် ABSDF(မြောက်ပိုင်း) က ကောင်တွေကို ခေါ်လိုက်ရမလား” ဆိုတဲ့ ခြိမ်းခြောက်မှုပဲဖြစ်တယ်။ တကယ်တော့ ABSDF ( မြောက်ပိုင်း) ကို ၁၉၉၂ ခုနှစ်အတွင်းမှာ ခေါင်းဆောင်ခဲ့ကြသူတွေ၊ စစ်ကြောရေးစခန်းမှာ ပါဝင်ခဲ့တဲ့သူတွေဟာဖက်ဆစ်အစိုး ရက ဆရာတင်ရလောက်အောင်အထိ ရိုင်းစိုင်းကြမ်းကြုတ်ခဲ့ကြတယ်။ ဒါဟာ ABSDF ( မြောက်ပိုင်း) ရဲ့ သမိုင်းဖြစ်တယ်။

အဖွဲ့ဝင် (၃၀၀) ကျော်လောက်သာ ရှိတဲ့အဖွဲ့မှာ ယုတ်မာသိမ်ဖျင်းတဲ့အောက်တန်းစား လူတစု ဦးဆောင်ပြီး ကျောင်းသား အယောက် (၁၀၀)ကျော်ကို မတရားသဖြင့်စွပ်စွဲ ၊ တချို့ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တယ်။ဒါဟာ ABSDF ( မြောက်ပိုင်း) ရဲ့ သမိုင်းဖြစ်တယ်။   ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ဥက္ကဋ္ဌ နဲ့ ဗကသ ခေါင်းဆောင်တွေ အပါအဝင် အပြစ်မဲ့ ကျောင်းသားတွေကို လူမဆန်စွာနှိပ်စက်သတ်ဖြတ်ခဲ့တယ်။ သမိုင်း ဆိုတာ လိမ်ညာလို့မရဘူး။ ပြင်ဆင်လို့မရဘူး။ ဖာထေးကာကွယ်လို့မရဘူး “ နိုင်ငံရေးအတွေ့အကြုံ
မရင့်ကျက်ခြင်း” ဆိုတာကို နားလည်နိုင်ပေမဲ့ “ယုတ်မာကြမ်းကြုတ်ခြင်း”ဆိုတာ မိမိကိုယ်တွင်းမှာ ဖွဲ့တည်နေတဲ့ သန္ဓေ ဖြစ်တယ်။ ဒီလို ကမ်းကုန်အောင် ယုတ်မာရက်စက်တဲ့ လုပ်ရပ်ကို အစိုးရဘက်ကပဲလုပ်လုပ်၊ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေတဲ့ မည်သည့်အဖွဲ့အစည်းကပဲ
လုပ်လုပ်၊ လက်ခံလို့မရပါ။ ဆန့်ကျင်တိုက်ဖျက်သွားရပါလိမ့်မယ်။

ရန်သူ့သူလျှို ဆိုတာ--ရန်သူ့ သူလျှို ဆိုတဲ့စကားကို အုပ်စုတစုကချည်း လူပါးဝ စွပ်စွဲပြောဆို
နေမှုကို လုံးဝခွင့်မပြုနိုင်ပါ။ ဒါဟာ ပါဂျောင် မဟုတ်ဘူး။ မာနယ်ပလောမဟုတ်ဘူး။ လက်နက်ကိုင်ထားသူချင်း အုပ်စုဖွဲ့ပြီး အားနည်းသူကိုအနိုင်ကျင့်လိုက်မယ်ဆိုတဲ့ ဓါးပြ ဂိုဏ်းဆန်ဆန် အတွေးအခေါ်တွေဟာ (၂၁) ရာစုမှာ အသုံးမဝင်တာ ဒီကနေ့ စစ်အာဏာရှင်တွေတောင်
သဘောပေါက်ပါတယ်။ ရန်သူ့သူလျှိုဆိုတာ- စွပ်စွဲခံခဲ့ရတဲ့ ကျောင်းသားတချို့ထဲမှာလည်းရှိနိုင်သလို၊ လူသတ်မှုကို ရိုင်းရိုင်းစိုင်းစိုင်းကျူးလွန်ခဲ့ကြတဲ့ ABSDF (မြောက်ပိုင်း) ကို ဦးဆောင်ခဲ့သူ သံချောင်း၊ ရော်နယ်အောင်နိုင်၊မျိုးဝင်း နဲ့ လှဆိုင်း တို့လည်းဖြစ်နိုင်တယ်။ ထိုင်းနယ်စပ်မှာ ခြစားအကျင့်
ပျက်နေတဲ့ ဒီမိုကရေစီရေးအကြောင်းပြပြီး ချမ်းသာနေတဲ့ အဖွဲ့အစည်းတွေထဲမှာလည်း ရှိနိုင်တယ်။ လူတိုင်းမှာ အုပ်စုရှိတယ်။ လက်ယဉ်တယ်။ဝှက်ဖဲတွေရှိတယ် ဆိုတာ မမေ့ဖို့ လိုပါလိမ့်မယ်။

အနိမ့်ဆုံးသဘောတူညီမှု ရန်သူ့ သူလျှို လို့ ပြောဆိုနေတဲ့ အဖွဲ့တွေကိုလည်း၊ အခြားအဖွဲ့တွေက ပြန်လည်စစ်မေးပိုင်ခွင့်ရှိရမယ်။ ဒါပေမဲ့မန္တလေး၊ ရန်ကုန် ကျောင်းသား လှုပ်ရှားမှု သမိုင်းကို နားမလည်ပဲ
တော်လှန်ရေးခေါင်းဆောင်ယောင်ယောင် လေသံ နဲ့ အပေါ်စီးကစွပ်စွဲနေမယ် ဆိုရင် “ ကိုယ် အသုံးမကျတာ၊ ဗဟုသုတ မရှိတာလူသိတယ်” ဆိုတာမျိုးဖြစ်နေမယ် လို့ သတိပေးပါရစေ။ ဘာပဲဖြစ်ဖြစ်
အနိမ့်ဆုံး သဘောတူညီမှုအဖြစ် “ ဒီ လို ရက်စက်ကြမ်းကြုတ်တဲ့၊လူမဆန်တဲ့ လုပ်ရပ်” ကို ပြင်းပြင်းထန်ထန်ရှုတ်ချကြရပါလိမ့်မယ်။အစုလိုက်အပြုံလိုက် ရာဇဝတ်မှုကို ရာဇဝတ်မှုကြီး အဖြစ် ဆွဲချက်
တင်ကြရပါလိမ့်မယ်။ မတရားမှုကို မရှုတ်ချရဲသူတွေ၊ အဖွဲ့အစည်းတွေကို တော်လှန်သူတွေအဖြစ် မသတ်မှတ်နိုင်သလို၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်ပါတယ် ပြောဆိုနေခြင်းဟာလည်း သံသယဖြစ်စရာ
ကောင်းနေပါတယ်။ ဘယ်လိုမှ အထင်ကြီးလို့မရပါ။

လူသတ်မှုမှာ အဓိက တာဝန်ရှိသူများအတွက် ..၁၉၉၂ ကာလ ABSDF မြောက်ပိုင်းလူသတ်မှုမှာ အဓိက တာဝန်ရှိသူတွေက ရော်နယ်အောင်နိုင်( ယ္ခု-ချင်းမိုင်) ၊ မျိုးဝင်း ( သေဆုံး)၊သံချောင်း ( ထောင်တွင်း) ၊ တို့ဖြစ်ပြီး၊ အာသံကုန်းမြင့်ပေါ်မှာ ကျောင်းသားတွေကို ခေါင်းဖြတ်သတ်မှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့ လှဆိုင်း(ယ္ခု- ABSDF မြောက်ပိုင်း)၊ နဲ့ သန်းဇော်တို့ အုပ်စုကို “ယောင်္ကျား ပီသပါ၊သတ္တိရှိပါ၊ လူထုကို မျက်နှာချင်းဆိုင်ရဲပါ” လို့ ပြောလိုက်ပါရစေ။ ဒီလိုလူတွေကို ကာကွယ်ဖို့ကြိုးစားနေတဲ့သူတွေ၊ အဖွဲ့အစည်းတွေကိုလည်း သမိုင်းရဲ့ ပုတ်ဟောင်နံစော်နေတဲ့ တွင်းနက်တခုမှာ ချန်ထားပစ်ခဲ့ပါမယ်။

မိတ်ဆွေတွေအတွက် ဂတိစကား ကာယကံရှင်တွေရဲ့ သူရဲဘောကြောင်မှုတွေဟာ ကျနော်တို့ မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာတာမို့ ဖြစ်စဉ်တခု လုံးဟာ ကျနော်တို့တည်ဆောက်ထားတဲ့ System Dynamics ထဲမှာပဲစံနစ်တကျလည်ပတ်နေကြတာဖြစ်တယ်။ ဒါဟာ ကောင်းတဲ့ အချက်ပါ။နံရံတိုင်းမှာ နားတွေရှိတယ် ဆိုတဲ့ စကား ကို မကြာခင်မှာ နားလည် သွားကြပါလိမ့်မယ်။

-အောင်မိုးဝင်း


နန်းအောင်ထွေးကြည်ရဲ့ အစီရင်ခံစာ (ဒုတိယပိုင်း)ကို ဆက်လက် ဖေါ်ပြလိုက်ပါတယ်။

ABSDF (မြောက်ပိုင်း) တွင် ဖြစ်ပွားခဲ့သော ထောက်လှမ်းရေးသူလျှိုများအဖြစ် စတင်ခဲ့ပုံမှာ ( ၅၀၁) တပ်ရင်းမှူး သိုက်ထွန်းဦး (ယ္ခု Australiaနိုင်ငံသို့ ရောက်ရှိနေသူ) ၏ အောက်ခြေသိမ်း အလုပ်လုပ်ပေးနေရသည့် ကျောင်းသားရဲဘော် စိုးမင်းအောင် တပ်မှ ထွက်ပြေးရာမှ စတင်ခဲ့သည်။
ထိုတပ်ပြေး စိုးမင်းအောင် အား တရုပ်ပြည်မှ ပြန်လည်ဖမ်းဆီးခေါ်ဆောင်လာပြီး လူမဆန်စွာ ညှင်းပမ်းနှိပ်စက်ပြီး ထောက်လှမ်းရေးသူလျှို ဟုတ်ပါ သည်ဟု မတရားဝန်ခံခိုင်းသည်။ ညှင်းပမ်းမှုများ ဒဏ်ကြောင့် မခံမရပ်နိုင်ဖြစ်ပြီး မတရားဝန်ခံချက်ကို ဟုတ်သည်ဟု ဖြေကြားခဲ့သည်။ ထိုမှတဆင့်ထောက်လှမ်းရေးသူလျှို၏ အမည်ကို နှိပ်စက်ပြီး မေးလေတော့သည်။
ထို စိုးမင်းအောင်၏ ထွက်ဆိုချက်များအရ၊ ကျောင်းသား ရန်အောင်ကိုဖမ်းဆီးနှိပ်စက်သည်။ ထိုမှတဆင့် အဆင့်ဆင့် နှိပ်စက်ဖမ်းဆီးရာ သူလျှိုများအဖြစ် မတရားဖမ်းဆီးခံရသူပေါင်း၊ ( မိမိ အပါအဝင်) ကျောင်းသား (၁၀၁) ဦး ရှိလာသည်။

ABSDF ( မြောက်ပိုင်း) တွင် ကျောင်းသားအင်အား (၃၀၀) ကျော်ခန့်သာရှိချိန်တွင် ထောက်လှမ်းရေးသူလျှိုအဖြစ် ဖမ်းဆီးနှိပ်စက်ခြင်းခံရသူပေါင်းမှာ (၁၀၁) ဦးရှိခဲ့သည်။ ပထမဆုံး ဖမ်းဆီးနှိပ်စက်ခြင်းခံရသော ကျောင်းသားစိုးမင်းအောင်မှာ စစ်ကြောရေးဒဏ်ဖြင့် သေဆုံးသွားခဲ့ရသည်။ ညှင်းပမ်းနှိပ်စက်မှုကြောင့် စစ်ကြောရေး ဒဏ်ဖြင့် သေဆုံးသွားရသော ကျောင်းသားရဲဘော်မှာ (၁၃) ဦးရှိပြီး တရုပ်ပြည် ယင်ကျန်းတွင် လုပ်ကိုင်စားသောက်နေသော အရပ်သား (၁) ဦးရှိသည်။ ၁၉၉၂ ပြည်ထောင်စုနေ့တွင် ရက်စက်စွာသတ်ဖြတ်ခံရသူ (၁၅) ဦးရှိသည်။ ထိုသေဒဏ်ချမှတ်ရာတွင် အဓိက
တာဝန်ရှိသော (၃) ဦးမှာ ထိုကာလတွင် ABSDF (မြောက်ပိုင်း)၏ ထိပ်တန်းတာဝန်ယူထားသော ကျောင်းသားတပ်မတော် ခေါင်းဆောင်ဖြစ်သည့်

(၁) အောင်နိုင် ( ABSDF-မြောက်ပိုင်း ဥက္ကဋ္ဌ) ဘီဘီစီ မြန်မာပိုင်းအသံလွှင့်ဋ္ဌာနမှ နှုတ်ထွက်ခဲ့ရသူတဦးဖြစ်ပြီး ယ္ခုအခါ ချင်းမိုင်နေထိုင်ကာ အင်တာနယူးအေဂျင်စီတွင် လုပ်ကိုင်နေသောသူဖြစ်သည်။
(၂) သံချောင်း (ခ) စိုးမြင့် ( ၂၀၀၆ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့စွဲပါ ကြေးမုံနှင့်မြန်မာ့အလင်း သတင်းစာအရ စစ်အစိုးရမှ ဖမ်းဆီးခံခဲ့ရသူ)
(၃) မျိုးဝင်း ( ၁၉၉၂ မေလ ကုန်ခန့်တွင် တိုက်ပွဲကျဆုံး)

ABSDF ( မြောက်ပိုင်း) တွင်ဖြစ်ပွားခဲ့သည့် တပ်မတော် ထောက်လှမ်းရေးသူလျှိုများဟု ဖမ်းဆီးရာတွင် တာဝန်ရှိသည့် ကျောင်းသား
ဦးဆောင်သူများမှာ

(၁) ဗိုလ်မှူးသံချောင်း (ခ) မြင့်စိုး ( ဗဟိုစစ်ရေးတာဝန်ခံ) (၂) အတွင်းရေးမှူး အောင်နိုင် ( ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးမြင့်တာဝန်ယူခဲ့သည်) (၃) ဗိုလ်ကြီး မျိုးဝင်း ( တွဲဘက် အထွေအထွေ အတွင်းရေးမှူး-တစ်-၊
ဒု -စစ်ရေးတာဝန်ခံ ) မိုးညှင်း- နန်းမား
(၄) တပ်ကြပ်ကြီး သန်းဇော် ( မန္တလေး- ဗဟိုထောက်လှမ်းရေး တာဝန်ခံ)
(၅) တပ်ကြပ်ကြီး ဇော်ဇော်မင်း ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး) (၆) ဒုတပ်ကြပ် အောင်စိုးမြင့် ( မိုးညှင်း- ဗဟို ထောက်လှမ်းရေး) (၇) တပ်ကြပ်ကြီး ကျော်ထင်ဦး ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး) (၈)ရဲဘော် မောင်ထွေး(ဗန်းမော်) (၉) ရဲဘော် ဖိုးနှောင်း ( ဗန်းမော်) (၁၀) ရဲဘော် သက်လင်း ( ဗန်းမော်)

စစ်ကြောရေးအဖွဲ့ဝင်များ

(၁) လှဆိုင်း ( မြစ်ကြီးနား) တွဲဘက် အထွေထွေ အတွင်းရေးမှူး -၂(အာသံကုန်း ခေါင်းဖြတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်ပြီး သတ်ဖြတ်ခဲ့သူဖြစ်တယ်။ လှဆိုင်း ဟာ ABSDF (မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းစဉ်မှာ ပါဝင်နေဆဲဖြစ်သည်ဟု သိရသည်)
(၂) စိန်အေး ( မိုးညှင်း- ကချင်ဒေသ ခရိုင်မှူး)
(၃) အောင်သန်း (မိုးညှင်း ( ၇၀၁ ) တပ်ရင်းမှူး)
(၄) သက်ထွန်း (မိုးညှင်း တပ်ခွဲမှူး) (၅) စောရင်ထွေး ( ရွှေကူ တပ်ခွဲမှူး)
(၆) သိုက်ထွန်းဦး ( ရန်ကုန်- ၅၀၁ တပ်ရင်းမှူး)
(၇) ရဲလင်း ( ရန်ကုန်- ရန်ကုန်ဒေသ ခရိုင်မှူး ( ထလရ အဖြစ် အဖမ်းခံရ)
(၈) ညီညီကျော်- (မန္တလေး- မန္တလေး ဒေသခရိုင်မှူး) (ထလရ အဖြစ် အဖမ်းခံရ)
ထောင်မှူးတာဝန်ခံများ

(၁) ဒုအရာခံဗိုလ် အောင်မင်း ( မိုးညှင်း) တပ်ကြပ်ကြီး ထိန်လွန် ( ဗန်းမော်) (၂) တပ်ကြပ်ကြီး အေးမောင် ( မိုးညှင်း) ၊ ရဲဘော် လက်သီး (၃) တပ်ကြပ်ကြီး တာတီး ( မိုးညှင်း)၊ တပ်ကြပ်ကြီး စောမြမောင် (၄) တပ်ကြပ်ကြီး လှမျိုးအောင် ( မိုးညှင်း- တာဝန်ပေါ့လျော့မှုဖြင့် သေဒဏ်ချ သတ်ဖြတ်ခံရသည်)
၁၉၉၂ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့တွင် သေဒဏ်ချပြီး ရက်စက်စွာ
သတ်ဖြတ်ခံရသည့် (၁၅) ဦး

(၁) ရဲမေ ခင်ချိုဦး (ရန်ကုန်) - အသတ်မခံရခင် ကိုယ်တုံးလုံးချွတ်ပြီး ABSDF (မြောက်ပိုင်း) ရဲဘော်များအား ဖျော်ဖြေခဲ့ရ- သူမ၏တောင်းဆိုမှု အရ သံချောင်းမှ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။
(၂) တပ်ကြပ် ဋ္ဌေးမြင့်ဝင်း (ရန်ကုန်) (တောင်းဆိုမှုအရ သံချောင်းမှ သေနပ်ဖြင့် ပစ်သတ်ခဲ့။ အသတ်မခံရခင် မျိုးဝင်းမှ မင်းဘာတတ်နိုင် သေးလဲဟုအငြိုးတကြီးကြိမ်းမောင်းခဲ့) (၃) ရဲဘော်မောင်မောင်ကြွယ် (ရန်ကုန်) (ခေါင်းဖြတ်သတ်ခံခဲ့ရ) (၄) ရဲဘော်သက်နိုင် ( ရန်ကုန်) (ခေါင်းဖြတ်သတ်ခံခဲ့ရ) (၅) ဗိုလ်သာဓု (ရန်ကုန်) (ခေါင်းဖြတ်သတ်ခံခဲ့ရ) (၆) ရဲဘော် အောင်ဖိုး ( ရန်ကုန်) ( သေဒဏ်မချခင် ခြေထောက် တွင် မိုင်းချည်ပြီး မိုင်းခွဲခြေဖြတ်ခြင်း ခံခဲ့ရ)
(၇) ဥက္ကဋ္ဌ ထွန်းအောင်ကျော် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ) (၈)ရဲဘော်ရန်အောင်(မန္တလေး)(ခေါင်းဖြတ်သတ်ခံခဲ့ရ) (၉)ကိုချိုကြီး(မန္တလေး(ခေါင်းဖြတ်သတ်ခံခဲ့ရ) (၁၀) ကိုလှမြင့် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ) (၁၁) ရဲဘော်မောင်မောင် ( ကသာ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ) (၁၂) ရဲဘော် အေးမြင့် ( ကသာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ) (၁၃) ရဲဘော် ကျော်ကျော်မင်း ( မုံရွာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ) (၁၄) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ) (၁၅) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

အထက်ပါ (၁၅) ဦးတွင်- မခင်ချိုဦးနှင့် ဋ္ဌေးမြင့်ဝင်းမှာ မိမိနှင့်အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လုပ်အားပေးခဲ့ပြီး ABSDF (ကချင်ပြည်နယ်) သို့ ရောက်ရှိခဲ့ပြီး ၁၉၈၉ ခုနှစ်၊ မေလ စစ်သင်တန်း
အမှတ်စဉ် (၃) ကို တက်ရောက်ခဲ့သည်။ သူတို့နှစ်ဦး၏ တောင်းဆိုချက် အရ သံချောင်း မှ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ကျန် (၁၃) ဦးမှာ ရက်စက်စွာ ခေါင်းဖြတ်သတ်ခံခဲ့ရသည်။ ခေါင်းဖြတ်သတ်ခြင်းကို
“မျိုးဝင်း” နှင့် “လှဆိုင်း” တို့ နှစ်ဦးမှ ပြုလုပ်ခဲ့သည်။ လှဆိုင်းမှာ ယ္ခုအခါ ABSDF ( မြောက်ပိုင်း) တွင် ပြန်လည်ပါဝင်လုပ်ကိုင်နေကြောင်းသိရသည်။

ကြေငြာခြင်းမရှိပဲ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရသူ (၅) ဦး

(၁) ကိုကျော်ဝေ ( မန္တလေး) –   စစ်ကြောရေးကာလတွင် အဆိပ်နှင့်လက်နက်များထုတ်မပေးနိုင်သော
ကြောင့် လက်ကို မိုင်းခွဲဖြတ်ခြင်းခံခဲ့ရသည်။ ဒုတိယအကြိမ် အဆိပ်ထုတ်မပေးနိုင်သဖြင့် ဦးခေါင်းကို ထင်းတုံးပေါ်တင်ပြီး “မျိုးဝင်း” မှ ခေါင်းဖြတ် သတ်ခဲ့သည်။

(၂) စိုးဝင်းသန်း ( မန္တလေး) ၁၉၉၂ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ညတွင် တပ်သား တရုတ်ကြီး၏ လွဲမှား
သော သတင်းပေးမှုကြောင့် သတ်ဖြတ်ခြင်းခံရသည်။ ဖြစ်ရပ်မှာ စိုးဝင်းသန်း မှာ နာမကျန်းဖြစ်ပြီး KIA ဆေးရုံတွင် ဆေးကုသခံယူရသည်။ KIAမှ စိုးဝင်းသန်း နာမကျန်းမှု ပျောက်ကင်းပြီဖြစ်ကြောင်း ဆက်သွယ်ရေး စက်နှင့် အကြောင်းကြားမှုကို သတင်းလက်ခံသော တရုတ်ကြီးမှာ“စိုးဝင်းသန်း ပျောက်ဆုံးနေသည်ဟု သန်းဇော်မှ တဆင့် မျိုးဝင်းထံ သတင်းပို့ခဲ့သည်။ မျိုးဝင်းတို့က အုပ်စု(၂) စုခွဲကာ တွေ့သည့်နေရာ ခုတ်သတ်ဖို့ အမိန့်ပေးခဲ့သည်။ အုပ်စု တစ်စုမှာ တရုပ်ပြည်လမ်းကြောင်းကို
သွားပြီး၊ တစ်စုမှာ KIA ဆေးရုံသို့သွားကာ မည်သို့မည်ပုံ စိုးဝင်းသန်း ပျောက်ဆုံးကြောင်း သတင်းရယူသည်။ သို့သော် စိုးဝင်းသန်းမှာ ထွက်ပြေး ခြင်းမဟုတ်ပဲ ရောဂါပျောက်ကင်းသဖြင့် ABSDF ကျောင်းသားများလာခေါ် မည်ကို စောင့်ဆိုင်းနေသည်။ သို့သော်လည်း မျိုးဝင်းမှ “ငါသေဒဏ်ချခဲ့ပြီး
ဖြစ်တဲ့အတွက် တခါတည်း လူသတ်ကုန်းပေါ် ခုတ်သတ်လိုက်တော့ ဟု ပြောရာ၊ ထိုအမိန့်ကို နာခံပြီး၊ သန်းဇော်တို့အုပ်စုက “စိုးဝင်းသန်း” ကို သတ်ဖြတ်ခဲ့သည်။ (ထိုဖြစ်စဉ်ကို မိမိတို့ အတိအကျ သိရှိနေရခြင်းမှာ ထိုနေ့ည (ဖေဖေါ်ဝါရီ ၁၉) ရက်နေ့တွင် မျိုးဝင်းနှင့်အောင်နိုင်တို့မှ မိမိအပါအဝင်၊ ဘိုဘို ( ရန်ကုန်)၊ ဝဏ္ဍဇော် ( ရန်ကုန်)၊ ရဲလင်း ( ရန်ကုန်)၊ ညီညီအောင် ( ပဲခူး)၊ ကျော်နိုင်ဦး(သာယာဝတီ)၊ ကိုညီညီ ( မန္တလေး)၊ စုစုပေါင်း (၇) ဦးအား မိဘများထံ မိမိတို့မှာ ထောက်လှမ်းရေးသူလျှိုများဖြစ်ပြီး ကျောင်းသားတပ်မတော်၏ ဖမ်းဆီးခြင်းခံနေရပါသည်။ သို့သော် မိမိတို့အား လာရောက်ခေါ်ဆောင်ပါက
ကျောင်းသားတပ်မတော်မှ သဘောထားကြီးစွာဖြင့် မိမိတို့အား အချုပ်မှ လွတ်မြောက်ပြီး အိမ်သို့ ပြန်လည် ထွက်ခွာခွင့်ပြုမည်ဟု ကတိပေးသဖြင့် မိမိတို့ (၇) ဦး၊ မိဘများထံ စာရေးဆက်သွယ်ရသော နေ့၊ အချိန်ဖြစ်နေပါသည်။)

(၃) ဝင်းနောင် (ရန်ကုန်) ၁၉၉၂ ဧပြီလဆန်းပိုင်းခန့်က ဗန်းမော်ခရိုင်တွင် သတ်ဖြတ်ခံခဲ့ရသည်
(၄) ရန်ရှင်း (ရက်စက်စွာ နှိပ်စက်ပြီး ခုတ်ထစ် သတ်ဖြတ်ခြင်းခံခဲ့ရသည်)
(၅) ဦးကျော်ကျော်အုန်း ( ခရိုင်မှူး) ( ရှေ့တန်းတွင် လူမဆန်စွာ ညှင်းပမ်း နှိပ်ဆက်ခံခဲ့ရသည်)

လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသား တပ်မတော်ရဲဘော် (၁၄) ဦး

(၁) ရဲဘော် စိုးမင်းအောင် (၂)ဗဟိုကော်မတီဝင်ဦးစိန်(ရန်ကုန်) (၃)ရဲဘော်ပြည့်စိုးနိုင်(ရန်ကုန်) (၄)ရဲဘော် အေးကျော် (၅)ရဲဘော် ကျော်ဋ္ဌေး (၆)ရဲဘော်ကျော်ကျော်ဦး (၇)ဒုအရာခံဗိုလ် အောင်ကိုး(ဗန်းမော်) (၈)တပ်ကြပ်ကြီး ဇော်ဝင်းချစ်(ဗန်းမော်) (၉)ဗဟိုကော်မတီဝင်ခင်မောင်အေး(စစ်ကိုင်း) (၁၀)ရဲဘော်တင့်လွင်(မြစ်ကြီးနား) (၁၁) အောင်မင်း(မန္တလေး) (၁၂)အရှည်ကြီးဝင်းသိန်း (၁၃)ရဲဘော်စိုးကြီး (၁၄)ရာကွတ်ဘိုင် ( တရုပ်ပြည်၊ ယင်ကျန်း)

စစ်ကြောရေးကာလတွင် ထွက်ပြေးလွတ်မြောက်သွားသူ (၄) ဦး

(၁)ညီညီကျော်(မန္တလေး) (၂)ရဲဘော်သက်တင်(ဗန်းမော်) (၃)ဂမ်လီ(လဇွန်ဂမ်လီ) (၄) စိုးကြိုင်

မျိုးဝင်း၏ အမိန့်အရ ထောင်မှ လွတ်ခဲ့သူ (၃) ဦး ..

(၁) တပ်ကြပ်ကြီး ခင်မောင်ဇော် (မန္တလေး)
ဗဟိုစစ်ရုံးတာဝန်ခံ (၂) ရဲဘော် မိုးဇော်ထွန်း (ခ) မိုးကြီး (ရန်ကုန်) (၃) ရဲမေ သင်းသင်းညီ (ရန်ကုန်)

ဥက္ကဋ္ဌ အောင်နိုင် နှင့် VCs မျိုးဝင်းတို့၏ သဘောအရ ၁၉.၂. ၁၉၉၂ တွင်မိဘများထံ စာရေးခေါ်သောကြောင့် မိဘများ ABSDF( မြောက်ပိုင်း)သို့ ရောက်ရှိလာခဲ့ကြသည်။ ထိုစဉ်က မိမိတို့အား မိဘများ လာရောက်ခေါ်ဆောင်ပါက အိမ်ပြန်ခွင့်ပေးမည့် ကတိကို ABSDF(NB) ခေါင်းဆောင် များက ကတိဖျက်ခဲ့ပြီး မိမိတို့ အိမ်ပြန်လိုပါက ပြန်နိုင်သည်။ သို့သော်မိဘများအားတောတွင်း တွင်ခေါ်ဆောင်ထားမည်ဟု အကြပ်ကိုင်သဖြင့် မိမိတို့မှာ လာရောက်ခေါ်ဆောင်သည့် မိဘများအား “အမေတို့အိမ်ပြန်ကြပါ။ မိမိတို့ ကျောင်းသားတပ်မတော်မှာပင် ဆက်လက်နေထိုင်သွားမည်ဟု
ပြောခဲ့ပါသည်။ ထိုအခါ မိမိ၏ မိခင်မှာ မြေပေါ်တွင် ဒူးနှစ်ဘက် စုံထောက်ပြီး လက်အုပ်မိုးကာ ကျောင်းသားခေါင်းဆောင်များအား ရှစ်ခိုးငိုယို တောင်းပန်ကာ မိမိတို့ (၇) ဦးအား သနားသဖြင့် အချုပ်မှ လွှတ်ပေးရန် ပြောဆို ပန်ကြားခဲ့ပါသည်။ မိမိတို့၏ အသနားခံမှု နှင့် အချုပ်မှ လွှတ်မြောက်
ခဲ့သူ (၇) ဦးမှာ

(၁)ရဲမေနန်းအောင်ထွေးကြည်(ရန်ကုန်) (၂)ရဲဘော်ဝဏ္ဏဇော်(ရန်ကုန်) (၃) ခရိုင်မှူး ရဲလင်း (ရန်ကုန်) ( စစ်အစိုးရမှ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်) (၄) ရဲဘော် မိုးကျော်သူ (ခ) ဘိုဘို (ရန်ကုန်) ( စစ်အစိုးရမှ
ထောင်ဒစ် ၂၁ နှစ် ချမှတ်ခဲ့သည်)
(၅)ရဲဘော်ညီညီအောင်(ခ)ဒိုဇာ(ပဲခူး) (၆)ကိုညီညီ(မန္တလေး) (၇) ရဲဘော်ကျော်နိုင်ဦး (ခ) ကြောင် ( သာယာဝတီ)

မိမိတို့ (၇) ဦး ထောင်မှ လွတ်လာပြီး မကြာမီ ထောင်အတွင်းတွင် ကျန်ရှိနေသော ကျောင်းသား (၅၆) ဦး ထောင်ဖောက် ထွက်ပြေးလွတ်မြောက်သွားကြသည်။ ထိုညတွင်းချင်းပင် မိမိတို့ (၇) ဦး နှင့် ခင်မောင်ဇော်၊ မိုးကြီးတို့အား ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီးခဲ့သည်။ အကျဉ်းသား (၅၆) ဦးထောင်ဖောက်ပြေးမှု နှင့် ပတ်သက်ပြီး၊ ထိုစဉ်က တာဝန်ကျခဲ့သော ထောင်မှူး လှမျိုးအောင် အပါအဝင်၊ ကျောင်းသား (၃) ဦးအား တာဝန် ပေါ့လျော့မှု နှင့် သတ်ဖြတ်ပစ်ခဲ့သည်။

ABSDF (NB) ရှိ တပ်ရင်း (၇၀၁)၊ (၅၀၁) နှင့် (၄၀၁) တွင် အင်အား စုစုပေါင်း (၂၀၀) မျှသာ ကျန်တော့သည်။ မတရားဖမ်းဆီးပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းများကြောင့် ပြည်တွင်း ပံ့ပိုးမှုများ ရပ်ဆိုင်းခဲ့ပြီး၊ မည်သူမှလည်း ပူးပေါင်းလာခြင်း မရှိတော့ပါ။ တပ်ရင်းများအတွက် လူအင်အားဖြည့်ဆီးရန် လိုအပ်လာသဖြင့် ထိုအချိန်ကာလ ABSDF (မြောက်ပိုင်း) ဥက္ကဋ္ဌ ရာထူးကို တိုးမြှင့်ရယူလိုက်သော အောင်နိုင် (ယ္ခု - ချင်းမိုင် တွင် သတင်းသမား လုပ်နေသူ)၊ သံချောင်းတို့၏ သဘောတူညီမှု၊ ဦးဆောင် ဆုံးဖြတ်မှုများဖြင့်၊ ကျေးလက်တောရွာများတွင်နေထိုင်ကြသော ငယ်ရွယ်သူများကို လက်နက်ပြ ခြိမ်းခြောက်ပြီးABSDF (မြောက်ပိုင်း) မှ ပို့ချသော စစ်သင်တန်းတက် ရောက်ခိုင်းပြီးကျောင်းသားရဲဘော် ရဲမေ များ အဖြစ် မတရားသိမ်းသွင်း တာဝန် ထမ်းဆောင်စေခဲ့သည်။

မှတ်မိသလောက်ဆိုလျင် ၁၉၉၂ ဇွန်လ ပိုင်းလောက်ခန့်လောက်ဖြစ်နိုင်သည်။ ထောက်ဖောက်ပြေးသော အကျဉ်းကျ ကျောင်းသားများ (၂၁.၅.၉၂) နောက်ပိုင်း၊ မျိုးဝင်း တိုက်ပွဲကျခဲ့သည်။ ( ၁၉၉၂ မေလ)။
နောက်ပိုင်းတွင် လက်ရှိ ထိုင်းနိုင်ငံတွင် သတင်းထောက်လုပ်နေသူ၊အောင်နိုင် နှင့် မြင့်စိုး(ခ) သံချောင်းတို့၏ ဦးဆောင်မှုဖြင့် ကချင်ပြည်နယ်ဗန်းမော်ခရိုင်၊ မန်နောင် ကျေးရွာနှင့် မြို့လှ၊ သာယာကုန်းရွာတို့တွင်
ဝမ်းဆာရှာစားသောက်နေသော အရပ်သား လူငယ်လူရွယ်များအားလက်နက်ပြ ဖမ်းဆီးပြီး ABSDF (မြောက်ပိုင်း) ကျောင်းသားတပ်မတော်၏ အင်အားအဖြစ် ဖြည့်ဆီးခဲ့သည်။ စစ်သင်တန်း အမှတ်စဉ် (၈) နှင့်
အမှတ်စဉ် (၉) ဖွင့်လှစ်ပြီး သင်တန်းပေးခဲ့သည်။

အပိုင်း (၆) အဖြစ် မျက်မြင်သက်သေ နောက်ထပ်တယောက်ရဲ့ စာကိုတင်ပြပေးပါ့မယ်။ စိတ်ဝင်စားစရာအပြည့်ပါ။




..
.

No comments: